မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေဖြစ်စေရေးအတွက်သဘာဝကိုအခြေခံသော ဖြေရှင်းနည်းများ လက်တွေ့လုပ်ငန်းလမ်းညွှန်နှင့် MCAN ၏ အကြံပြုချက်များ

Reports/papers (non-specific)
, 126 pages
Download
PDF (8.67 MB)
Preview of 22737gmm.pdf
Language:
မြန်မာဘာသာ, English
Published: May 2026
Product code:22737G

မြန်မာနိုင်ငံသည် လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည် (Formal delivery capacity) အကန့်အသတ်များရှိနေသည့်ကြားမှပင် မြင့်တက်လာသော ရာသီဥတုဘေးအန္တရာယ်များကို ရင်ဆိုင်နေရပါသည်။ နေရာဒေသအများအပြားတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သည့် လုပ်ငန်းများကို ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများ၊ လူငယ်ကွန်ရက်များနှင့် ဒေသတွင်း အဖွဲ့အစည်းများက အဓိကဦးဆောင် ဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုစနစ်များတွင် စိန်ခေါ်မှုများရှိနေသည့်ကြားမှပင် ၎င်းတို့သည် ရပ်ရွာများ၏ လိုအပ်ချက်များကို တုံ့ပြန်ကာ ဆက်လက်လုပ်ဆောင်လျက် ရှိကြပါသည်။

ဤစုစည်းမှုစာအုပ်သည် ထိုအခြေအနေများကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ၎င်းတွင် သဘာဝအခြေပြု ဖြေရှင်းနည်းများ (Nature-based Solutions - NbS) နှင့် ဆက်စပ်ချဉ်းကပ်နည်းများအပေါ် အခြေခံထားသော လက်တွေ့အတွေ့အကြုံများနှင့် သင်ယူမှုများကို စုစည်းတင်ပြထားပါသည်။ ယင်းချဉ်းကပ်နည်းများသည် ရာသီဥတုဆိုင်ရာ အန္တရာယ်များကို လျှော့ချနိုင်သည့်အပြင် အသက်မွေးဝမ်းကျောင်းမှုများ၊ ဂေဟစနစ်များနှင့် လူမှုအသိုင်းအဝိုင်းများ၏ နေ့စဉ်ဘဝ အဆင်ပြေချမ်းမြေ့မှုကိုလည်း အထောက်အကူပြုနိုင်ပါသည်။

မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကွန်ရက် (MCAN) သည် မြန်မာနိုင်ငံတွင် ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှုများ အားကောင်းလာစေရန် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် လက်တွေ့ဆောင်ရွက်သူများ ပူးပေါင်းဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။ ဤစုစည်းမှုစာအုပ်ကို MCAN ၏ စုပေါင်းအကြံပြုချက်များအဖြစ် တင်ပြထားပြီး အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများက နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအတွေ့အကြုံများ၊ အလားတူ အခြေအနေများတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိရသည့် နည်းလမ်းများနှင့် သဘာဝအခြေပြု ဖြေရှင်းနည်းများ (NbS) ကို ပိုမိုထိရောက်စွာ၊ အားလုံးပါဝင်နိုင်စွာနှင့် ရေရှည်တည်တံ့စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် အချက်များအပေါ် အခြေခံထားပါသည်။

နောက်တွင် ဖော်ပြထားသည့် ဖြစ်ရပ်များသည် စျေးကွက်မြှင့်တင်ရေးသဘောဆောင်သော “အောင်မြင်မှုဇာတ်လမ်းများ” မဟုတ်ပါ။ ၎င်းတို့သည် လက်တွေ့ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းများဖြစ်ပြီး မည်သည့်ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သနည်း၊ လုပ်ငန်းကို မည်သို့ စီစဉ်ဆောင်ရွက်ခဲ့သနည်း၊ မည်သည့် အထောက်အကူပြု အခြေအနေများက အရေးပါခဲ့သနည်း၊ မည်သည့် စဉ်းစားချင့်ချိန်ရမည့် အလဲအလှယ်များ ပေါ်ပေါက်ခဲ့သနည်းနှင့် ဤလုပ်ငန်းများကို တာဝန်ယူမှုရှိစွာဖြင့် ပြန်လည်အသုံးချရန် သို့မဟုတ် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် မည်သည့်အချက်များ လိုအပ်မည်နည်း ဆိုသည်တို့ကို တင်ပြထားပါသည်။ အခြေတကျမဟုတ်သော ပြောင်းရွှေ့နေထိုင်သူများ နေထိုင်ရာနေရာများမှ မြစ်ဝကျွန်းပေါ်ဒေသ ဂေဟစနစ်များအထိ မတူကွဲပြားသော ဒေသများနှင့် ကဏ္ဍများတစ်လျှောက်တွင် ဤစုစည်းမှုစာအုပ်က တသမတ်တည်းဖြစ်သော အချက်တစ်ရပ်ကို မီးမောင်းထိုးပြထားပါသည်။ သဘာဝအခြေပြု ဖြေရှင်းနည်းများ (NbS) ၏ ရလဒ်များသည် နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်းကောင်းမွန်မှုအပေါ်သာ မူတည်ခြင်းမဟုတ်ဘဲ ရေရှည်စောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများအပေါ်လည်း အလားတူ မူတည်လျက်ရှိပါသည်။

ဤစာတမ်းသည် မြန်မာနိုင်ငံရှိ ရာသီဥတုဆိုင်ရာ အစီအစဉ်များကို ရေးဆွဲအကောင်အထည်ဖော်နေသည့် လက်တွေ့ဆောင်ရွက်သူများ၊ မူဝါဒရေးဆွဲသူများနှင့် အလှူရှင်အဖွဲ့အစည်းများအတွက် ရည်ရွယ်ထားပါသည်။ မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကွန်ရက် (MCAN) ၏ ရည်ရွယ်ချက်မှာ သဘာဝအခြေပြု ဖြေရှင်းနည်းများ (NbS) ကို ဒေသခံအခြေအနေများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော်နိုင်ခြင်း၊ ဒေသခံအသိုင်းအဝိုင်းများက လက်ခံအသုံးပြုနိုင်ခြင်းနှင့် အချိန်ကြာမြင့်စွာ ထိရောက်ခိုင်မာစွာ ဆက်လက်တည်ရှိနိုင်ခြင်းတို့ကို အခြေခံ၍ ရန်ပုံငွေထောက်ပံ့ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် အကဲဖြတ်ခြင်းများကို ပိုမိုလွယ်ကူစေရန် ဖြစ်ပါသည်။ အထူးသဖြင့် မသေချာမရေရာမှုများ ရှိနေသော အခြေအနေများတွင် ယင်းကဲ့သို့သော ချဉ်းကပ်နည်းများကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရန် ရည်ရွယ်ပါသည်။ ဤစာတမ်းသည် ပိုမိုကောင်းမွန်သော စီမံကိန်းဒီဇိုင်းများ ရေးဆွဲနိုင်ရေး၊ ရလဒ်များ ရေရှည်တည်တံ့စေရန် လိုအပ်သော အချက်များအပေါ် ပိုမိုလက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိနိုင်ရေးနှင့် ရပ်ရွာ၏ ဦးစားပေးလိုအပ်ချက်များ၊ အစီအစဉ်အကောင်အထည်ဖော်မှုများနှင့် အမျိုးသားအဆင့် မူဝါဒရည်မှန်းချက်များအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။

Cite this publication

Lwin, O., Thant Zin, A., Soe Oo, T., Tun Zaw, T., Myo Shwe, N., WWF Myanmar, ., UN-Habitat Myanmar, ., Yee Tun Lwin, S., Zin Hein, K., Barcena, A. and Grist, G. (2026). မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေဖြစ်စေရေးအတွက်သဘာဝကိုအခြေခံသော ဖြေရှင်းနည်းများ လက်တွေ့လုပ်ငန်းလမ်းညွှန်နှင့် MCAN ၏ အကြံပြုချက်များ. Myanmar Climate Action Network, .
Available at https://www.iied.org/my/22737g